Warranty
အာမခံဆိုတာ
#ဝယ်တဲ့သူအတွက်လား???
#ရောင်းတဲ့သူအတွက်လား???
#ထုတ်လုပ်သူအတွက်လား???
အာမခံဆိုတာ ယုံကြည်စိတ်ချရမှုတစ်ခုကို
ဖော်ပြတဲ့ နှုတ်ကတိ (သို့) စာကတိ နဲ့ ဖော်ပြတဲ့ ကတိကဝတ်တစ်ခုပါ။
အာမခံနဲ့ ပတ်သက်ရင် အထက်ကပြောခဲ့တဲ့ သုံးဦးသုံးဖလှယ်စလုံးမှာ
ကိုယ်စီ တာဝန်ယူ တာဝန်ခံမှုတွေရှိတယ်။
#ဝယ်တဲ့သူနေရာကစစဉ်းစားကြည့်ရအောင်....။
အာမခံကိုဘာလို့မက်သလဲ....???
စိတ်အနှောက်အယှက်မဖြစ်ချင်လို့
အချိန်မပေးချင်လို့စသည်ဖြင့် အမျိုးမျိုးပြောကြပေမယ့်
နောက်ဆုံးစာရင်းချုပ်ရင်
ဝယ်ထားတဲ့ ဝန်ဆောင်မှု (သို့) ကုန်စည်တစ်ခုအပေါ်မှာ
အပိုငွေထွက်မှာစိုးရိမ်လို့ဆိုတာကပဲ အဓိကကျတယ်။
များသောအားဖြင့် ငွေမှာပဲအခြေခံတယ်ပေါ့လေ....။
အာမခံဆိုတဲ့နေရာမယ် ဝယ်စဉ်ကတည်းက ရောင်းသူပြောထားတဲ့
အာမခံအတိုင်းအတာဆိုတာကို ဂဃနဏ သိရှိနားလည်ထားဖို့လိုတယ်။
အာမခံပါလား???
ပါတယ်။ ဘယ်နှစ်လ၊ ဘယ်နှစ်နှစ်လောက်နဲ့ ကိစ္စလမ်းဆုံးသွားလို့မရဘူး။
သတ်မှတ်ပေးထားတဲ့ #ကာလတစ်ခုအတွင်းမှာ
#ဘယ်လိုအကြောင်းအရာကို #ဘယ်လိုပုံနဲ့ဖြစ်ရင်
#ဘယ်အတိုင်းအတာအထိ #ဘယ်လို_ဘယ်လမ်းကြောင်းနဲ့
#ဘာဝန်ဆောင်မှုပေးမလဲအထိ သွားရမယ်။
ဝယ်သူတစ်ယောက်အနေနဲ့ မရှင်းလင်းရင်
ရှင်းလင်းအောင်အထိမေးဖို့တာဝန်ရှိတယ်။
ဘာ့ကြောင့်ဒီစကားပြောလဲဆိုရင် လက်တစ်လုံးခြားကိစ္စတွေကနေ ကာကွယ်နိုင်ဖို့ပါ။
အာမခံက ဘယ်လိုပေးတာလဲ...??? နှုတ်နဲ့လား....??? စာနဲ့လား...???
အာရုံမရရင် ဝယ်သူဘက်ကနေ သေချာခိုင်မာပြတ်သားတဲ့
ဖော်ပြချက်တစ်ခု ရအောင်တောင်းဆိုယူဖို့လိုတယ်။
သတ်မှတ်ထားတဲ့ အာမခံပါ ဝန်ဆောင်မှု (သို့) ကုန်စည်တစ်ခုကို ကျေနပ်လို့ ဝယ်ပြီးရင်
သူ့တာ၊ ကိုယ့်တာ လိုက်နာစရာတွေရှိတယ်။
ဝန်ဆောင်မှုတစ်ခုနဲ့ပတ်သက်ရင် ရယူသုံးစွဲစဉ်ကာလအတွင်း
ဘာမလုပ်ရဘူး၊ ဘာမစားရဘူး၊ ဘာမဝတ်ရဘူး... စသည်ဖြင့် ကန့်သတ်ချက်တွေရှိတယ်။
ကုန်စည်တစ်ခုဆိုရင်လည်း ဘာတွေဂရုစိုက်ပြီး နေ့စဉ်၊ အပတ်စဉ်၊
လစဉ်၊ နှစ်စဉ် စစ်ဆေးထိန်းသိမ်းခြင်းတွေ၊
ဘယ်လိုစနစ်တကျသုံးရမယ်ဆိုတာတွေ၊ ဘယ်လိုနေရာချထားရမယ်ဆိုတာတွေ
စသည်ဖြင့် ကုန်စည်အမျိုးအစားအလိုက်
အမျိုးမျိုးကွဲပြားကြတယ်။
ဥပမာပြောရရင်
ကားဝယ်တဲ့အခါ သေချာမောင်းတတ်ဖို့နဲ့ ဘေးကင်းဖို့အတွက်က အသုံးပြုသူအပေါ်မှာပဲတာဝန်ရှိတယ်။
ထမင်းပေါင်းအိုးဝယ်သုံးတဲ့အခါလည်း အဝင်မီးအားမှန်ဖို့၊ ဆန်အမျိုးအစားအလိုက်
ရေအမျိုးအစားနဲ့ ရေပမာဏမှန်ကန်ဖို့ကလည်း အသုံးပြုသူအပေါ်မှာသာ တာဝန်ရှိတယ်။
#ရောင်းတဲ့သူဘက်ကြည့်ကြဦးစို့....
သူကအာမခံပေးတဲ့အခါ ထုတ်လုပ်သူနဲ့ ညှိရတယ်။ ဒါမှသာ နစ်နာနိုင်ခြေနည်းမယ်မို့လား။
ကိုယ်က ဝယ်ရောင်းလေ ပစ္စည်းပိုင်းကို ထဲထဲဝင်ဝင်သိဖို့ခက်တာကိုး....။
တချို့အရောင်းတွေက ထုတ်လုပ်သူနဲ့မညှိဘူး။
ကိုယ်နိုင်သလောက်တွက်ချက်ပြီး မရှုံးနိုင်လောက်တဲ့ အနေအထားတစ်ခုနဲ့ တာထွက်ကြတာများတယ်။
အာမခံနဲ့ ပတ်သက်လို့ ရောင်းတဲ့သူတွေဘက်မှာလည်းအမျိုးမျိုး...။
တချို့က ဘာအာမခံမှမပေးဘူး။
အသစ်ရောင်းရောင်း၊ အဟောင်းပဲရောင်းရောင်း
စိတ်တိုင်းကျစစ်သွား၊ ပြန်မလာနဲ့တော့ဆိုတာမျိုး
ဒါမျိုးကြိုက်လို့ဝယ်ပြီးရင် ဘာမှအတွန့်တက်ဖို့ကြိုးစားမနေနဲ့တော့
မကျေနပ်ချက်တွေကို social media မှာတက်ရင်ဖွင့်လို့ နှစ်ဦးနှစ်ဘက် ပြဿနာဖြစ်ရင်
၆၆ (ဃ) ဆိုတာ သူ့အတွက်လည်းဖြစ်နိုင်သလို
ကိုယ့်အတွက်လည်းဖြစ်နိုင်တယ်ဆိုတာ ကြိုတွက်ထားဖို့လိုတယ်။
ဆင်ခြင်ဖို့လိုတယ်။ လောကမှာလူတိုင်း အရောင်းမှား အဝယ်မှာဆိုတာကြုံရလေ့ရှိတဲ့ အရှိတရားတစ်ခုဖြစ်တယ်။
ဒါ့ကြောင့် ဝယ်သူတွေအနေနဲ့ မဝယ်ခင်သေချာ စီစစ်ကြဖို့လိုတယ်။
တချို့က အာမခံတော့ ပေးတယ်။
မပြတ်မသား နှုတ်စကားနဲ့ ဟာတွေများတယ်။
ဒါမျိုးကတော့ ရောင်းနဲ့သူနဲ့ ဝယ်တဲ့သူကြားက ခင်မင်ရင်းနှီးမှု၊ အရောင်းဆိုင်တစ်ခုရဲ့ ရပ်တည်မှု၊
ဂုဏ်သတင်းနဲ့ သက်တမ်း စတာတွေကို ကိုယ့်ရဲ့ ယုံကြည်မှုစံသတ်မှတ်ချက်နဲ့ တိုက်ရိုက်အချိုးချပြီး
အသိသတိလေးနဲ့ သွားကြဖို့သာရှိတယ်။
အာမခံကိစ္စနဲ့ပတ်သက်ပြီး ပြောတဲ့အတိုင်းမဖြစ်ရင် ဘောင်ထဲကနေရှင်းလို့ရတယ်။
ဝယ်သူ့ဘက်ကလည်း ဝယ်စဉ်တုန်းကပြောထားတဲ့ အချက်တွေထက်ပိုလိုချင်လို့မရဘူး။
ရောင်းသူဘက်ကလည်း အရောင်းဖြစ်စဉ်တုန်းကပြောထားတဲ့ အချက်တွေအောက် လျော့ပေးချင်လို့မရဘူး။
နှစ်ဦးနှစ်ဘက် ဉာဏစံချိန်တူရင် နှုတ်နဲ့ပေးတဲ့အာမခံတွေဟာ ဘာပြဿနာမှ ထွေထူးတက်လေ့မရှိတတ်ဘူး။
ဒီနေရာမှာ တဖက်ဖက်က စဖောက်ရင်တော့ အနည်းဆုံးမိတ်ပျက်ပြီ။
ပိုဆိုးရင် နှစ်ဦးနှစ်ဘက် ဂုဏ်သိက္ခာတွေ၊ ငွေတွေပါ နောက်ဆက်တွဲပါလာတတ်တယ်။
နောက်ဆုံး မဟော်သဓာ သားတရားစီရင်ခန်းထဲကလိုပဲ နှစ်ဦးနှစ်ဘက် ကိုယ့်ရဲ့ ကိုယ်ခံအားအလိုက် အဆုံးသတ်ကြရလိမ့်မယ်။
တချို့ကတော့ စာနဲ့ပေနဲ့စာချုပ်တွေနဲ့သွားကြတယ်။
တန်ဖိုးကြီးကုန်စည်တွေ၊ ဝန်ဆောင်မှုတွေကတော့ ဒီလိုစာချုပ်နဲ့သွားကြတာ အဆင်အပြေဆုံးပါပဲ။
ဒီလို စာချုပ်အာမခံတွေထဲမှာ အရပ်ကတိအဆင့်သွားမလား...? မြို့နယ်/တိုင်းတရားရုံးကတိစာချုပ်အဆင့်သွားမလားဆိုတာကတော့
နှစ်ဦးနှစ်ဘက် သေချာညှိကြရမယ့်သဘောပါ။ ခိုင်မာမှုတစ်ခုအတွက် စရိတ်တွေက မတူဘူးလေ။
ဒီလိုစာချုပ်ချုပ်လို့ ကုန်စည်/ ဝန်ဆောင်မှုတစ်ခုဟာ သတ်မှတ်ထားတဲ့ စွမ်းဆောင်ရည်ထက် ပိုကောင်းလာတာမဟုတ်ဘူး။
အာမခံခိုင်မာမှုပိုလာတာပဲရှိတာပါ။ ဒီတော့ ဝယ်သူဘက်က စိတ်ချမ်းသာရတာပေါ့လေ။
ဒီအပိုင်းမှာတော့ တစ်ခုခုဖြစ်ခဲ့ရင် ရေးထားတဲ့ အတိုင်း အတိအကျရပိုင်ခွင့်ရှိတဲ့သူကရမယ်။
ပေးရန်ရှိတဲ့သူကလည်း အတိအကျပေးရမယ်။
နှုတ်တစ်ရာစာတစ်လုံးလို့ဆိုတယ်မို့လား။
#ထုတ်လုပ်သူဘက်ကြည့်ကြဦးစို့...။
ထုတ်လုပ်သူဆိုတာ သူ့ product ရဲ့နောက်ကွယ်မှာ ရင်းနှီးထားရတာတွေများတယ်။
ငွေအား၊ လူအား၊ နည်းပညာအားစသည်ဖြင့် မသေးလှ။
ဒီတော့ သူ့ရဲ့ သတ်မှတ်ထားတဲ့ positioning အရ အရည်အသွေးပိုင်း
တိကျအောင်ထိန်းရတဲ့သဘောရှိတယ်။
ဘယ်လိုပဲထိန်းထိန်း၊ လူနဲ့ပဲလုပ်လုပ်၊ စက်နဲ့ပဲလုပ်လုပ်
product error ဆိုတာ ကုန်ပစ္စည်းတိုင်းမှာရှိစမြဲပဲ။
အနည်းနဲ့ အများပဲကွာမယ်။ သူတို့ product ကို ဝယ်ယူသုံးစွဲကြသူတွေ
မနစ်နာအောင် အတိုင်းအတာတစ်ခုအထိတော့
ထုတ်လုပ်သူတိုင်းနီးပါးလောက်က တာဝန်ယူကြတာများပါတယ်။
ဘယ်လိုတာဝန်ယူကြတာလဲဆိုတော့ အာမခံပေးခြင်းပါပဲ။
အာမခံဆိုတဲ့နေရာမှာ အကန့်အသတ်ဆိုတာလည်းပါစမြဲပဲ။ သူတို့ product နဲ့ပတ်သက်လို့
အရည်အသွေးဆိုင်ရာ၊ ထုတ်လုပ်တပ်ဆင်မှုပိုင်းဆိုင်ရာတွေကြောင့်
ကုန်စည်ပျက်စီးခဲ့ရင် ပျက်သွားတဲ့ အစိပ်အပိုင်းကို FOC (Free Of Charge) အလကားပေးခြင်း၊
ကုန်ပစ္စည်းတစ်ခုလုံး အစားထိုးလဲလှယ်ပေးခြင်း ဒီနှစ်နည်းအများဆုံးကြုံဖူးတယ်။
အခြားနည်းတွေနဲ့ ကုန်စည်ပျက်စီးခဲ့ရင်တော့ စဉ်းစားပေးမှာမဟုတ်။
ပြည်ပက စက်ပစ္စည်း ထုတ်လုပ်သူတွေဟာ စားသုံးသူနဲ့
တိုက်ရိုက်ပတ်သက်တာ မရှိသလောက်ရှားပါတယ်။
ဒီတော့ ကြားခံ ဝယ်ရောင်းသမားနဲ့ တဆင့်ခံပြီး အာမခံကိစ္စကို ဆောင်ရွက်လေ့ရှိတယ်။
ကြားခံ ဝယ်ရောင်းသမားက
ထုတ်လုပ်သူတွေပေးတဲ့ အာမခံကို
ကိုယ့်ဒေသက လူတွေရဲ့ စိတ်နေသဘောထားကိုလိုက်ပြီး
လိုအပ်သလို လိုတိုး၊ ပိုလျော့လုပ်ပြီး များများရောင်းရအောင် ဖန်တီးလေ့ရှိတတ်တယ်။
ထုတ်လုပ်သူနဲ့ စားသုံးသူကြားမှာ ကြားခံဝယ်ရောင်းသမားဆိုတာ တစ်ဆင့်ထက်မကရှိနေနိုင်တယ်။
အဆင့်များရင် စားသုံးသူအဖို့ သက်ဆိုင်ရာ အရောင်းဆိုင်ကို သေချာသုံးသပ်ဖို့လိုပြီ။
ထုတ်လုပ်သူဆိုတာ သူ့ရဲ့ အမှတ်တံဆိပ်ကိုရေရှည်တည်တံ့အောင်နဲ့ ရောင်းအားမကျအောင်၊
တိုးတက်အောင်အမြဲကြိုးစားနေကြရတဲ့သူတွေပါ။
ထုတ်ကုန်တစ်ခုအတွက် ပေးရတဲ့တန်ဖိုးနဲ့ ညီအောင်လည်း များသောအားဖြင့် ထုတ်လုပ်ကြတာများပါတယ်။
တချို့ ကွက်ပျောက်တွေလည်းရှိတယ်။ ဒါ့ကြောင့်ဒီလိုပြောရတာ။
စားသုံးသူတွေအနေနဲ့ ထုတ်လုပ်သူကိုတိုက်ရိုက် ဆက်ဆံရတာမဟုတ်ပေမယ့်
ဒီခေတ်ထဲမှာ ကိုယ်ရွေးထားတဲ့ ကုန်စည်တစ်ခုရဲ့ ထုတ်လုပ်သူ
ဘယ်အဆင့်ထဲကလဲဆိုတာ google မှာတင်အတော်များများ
စီစစ်လို့ရနေပါပြီ။ စစ်ကြည့်ကြဖို့နဲ့ စစ်တတ်ဖို့ပဲလိုတယ်။
စစ်ဆေးကြည့်လို့ စိတ်တိုင်းကျတဲ့ အနေအထားမရှိရင်
ရောင်းတဲ့ဆိုင်ဘက်ပြန်လှည့်ပြီး
ဘယ်လောက်ယုံကြည်စိတ်ချရနိုင်သလဲပြန်ကြည့်ရုံသာရှိပါတယ်။
ရောင်းတဲ့ ဆိုင်ဘက်ကလည်း ထူးမခြားနားဖြစ်နေပြီဆိုရင် စိတ်သာလျော့လိုက်ပါ။
ကြိုက်ပေ့ဆိုတဲ့ ရည်းစားဦးနဲ့တောင် လွဲခဲ့ဖူးသေးတာပဲမို့လား...![]()
![]()
![]()
လွတ်တဲ့ငါး ပိုကြီးချင်မှလည်း ကြီးမှာပါလို့သာ
နှလုံးသွင်းပြီး တခြားဆိုင်၊
တခြားတံဆိပ်တစ်ခု ရွေးသင့်ရင်ရွေးကြရမှာပဲလေ။
အချုပ်အားဖြင့်.....
အာမခံဆိုတာ
ရောင်းသူ၊ ဝယ်သူ နှစ်ဦးနှစ်ဘက်
မိတ်မပျက်စေရေးအတွက်
ကြိုတင်သတ်မှတ်ထားတဲ့ ဘောင်အတွင်းကနေ
ကိုယ်စီတာဝန်ယူ တာဝန်ခံမှုတွေနဲ့ သွားကြရတာမျိုးပါ။
လူမှုရေး၊ စီးပွားရေးနယ်ပယ်တွေမှာ
စိုတဲ့လက်တွေ မခြောက်တာအကောင်းဆုံးပဲ မဟုတ်ပါလားဗျာ....။
Tun Lynn (ကျင်းလုံမြန်မာ)
(4-10-2023)
AC Dynamos
AC Motors
Air Compressors
Automotive Machinery
Blower & Exhaust Fan
Engine & Generators
Construction & Mining Machinery
Farming Machinery
Food Making Machinery
General Item Machinery