ဒီအင်ဂျင်တွေဟာ မီးစက်၊ ရေပန့်၊ ဘိလပ်မြေတုန်ခါစက်၊ ကွန်ပရက်ဆာ၊ စပါးချွေစက်၊ ပြောင်းဖူးချွေစက်၊ ထွန်စက်အသေး၊
ကြံရည်ကြိတ်စက်၊ ပဲ့ထောင်စက်လှေ စသည်ဖြင့် နေရာစုံမှာ အသုံးတည့်တဲ့ တပိုင်တနိုင် အင်ဂျင်အမျိုးအစားများဖြစ်ပါတယ်။
ဒီစက်တွေရဲ့ဖွဲ့စည်းပုံ၊ နာမည်အခေါ်အဝေါ်၊ မော်ဒယ်နံပါတ်ရေးသားပုံ စတာတွေကို လက်လှမ်းမှီသလောက်တင်ပြပေးပါမယ်။
မိတ်ဆွေများ အထွေထွေ ဗဟုသုတ မနိမ့်ပါးစေဖို့၊ သူတပါးကို %ပြည့် မှီခိုနေရခြင်း ကင်းစေဖို့ အတွက်ရည်ရွယ်တင်ပြပေးခြင်းဖြစ်ပါတယ်။
ဒီအင်ဂျင် တွေဟာ 4-stroke အမျိုးအစားများဖြစ်ပါတယ်။
4-stroke ဆိုတာဘာကို ရည်ညွန်းသလဲ။ online video များလည်းကြည့်ဖူးပြီး ဖြစ်မယ်ထင်ပါတယ်။
နားလည်သူတွေလည်းရှိနိုင်သလို ဂဃနဏ မသိသေးသူတွေလည်းရှိနိုင်တာမို့
အကြမ်းသဘော ထပ်ရှင်းပြပေးပါမယ်။
ဓာတ်ဆီအင်ဂျင် 4-stroke အတွက် အဓိကထားပြောပါမယ်။
အင်ဂျင်ဖြစ်တာဆို တော့ ပစ္စတင်လို့ခေါ်တဲ့ ပစ္စည်းကတော့ မပါမဖြစ်ပါ။
လည်ပတ်လှုပ်ရှားနေချိန်မှာ ပစ္စတင်ဟာ စလစ်လို့ခေါ်တဲ့ စလင်ဒါပိုက်လုံးထဲမှာ အထက်မှအောက် အကြိမ်ပေါင်းများစွာ ရွေ့လျားနေတာဖြစ်ပါတယ်။
ဒီတော့ကျွန်တော်တို့ ပစ္စတင် ဟာ စလစ်ရဲ့ အပေါ်ထိပ်ဆုံးနေရာကနေ အရင်စပါမယ်။
intake stroke (လေ+လောင်စာဆီအငွေ့ကိုစုပ်ယူ)
******************************************************
ပစ္စတင်ဟာအောက်ကို ဆင်းတဲ့အနေအထားဖြစ်ပါမယ်။
အောက်ကိုဆင်းတဲ့အတွက် ပစ္စတင် အပေါ်ဘက်နေရာလွတ်မှာ စုပ်အားဖြစ်ပါတယ်။
ဒီအချိန်မှာ အင်းလက်ဗားဟာပွင့်နေပါမယ်။အိတ်ဇောဗားဟာပိတ်နေပါမယ်။
ကာဗြူရေတာဘက်က လာတဲ့ ချိန်ညှိထားတဲ့ လေနဲ့လောင်စာဆီငွေ့ အရောဟာ
အင်းလက်ဗားကို ဖြတ်ပြီး စလစ်ထဲမှာ နေရာဝင်ယူပါမယ်။
ပစ္စတင် အောက်ဆုံးနေရာ(BDC-Bottom Dead Center) ရောက်သည်အထိဖြစ်ပါတယ်။
ဒါကို intake stroke ခေါ်ပါတယ်။
compression stroke (လေ+လောင်စာကိုဖိသိပ်ခြင်း)
*******************************************************
ပစ္စတင်ဟာအထက် ကို အထက်ကိုတက်တဲ့အနေအထားဖြစ်ပါမယ်။
ဒီအချိန်မှာ အင်းလက်ဗား နဲ့ အိတ်ဇောဗား နှစ်ခုစလုံးပိတ်ထားတဲ့အနေအထားဖြစ်ပါမယ်။
ပစ္စတင်စတက်ပြီ ဆိုတာနဲ့ စောစောက သွင်းထားတဲ့ လေနဲ့လောင်စာအရောကို စလစ်ထဲမှာ ဖိသိပ်ပါမယ်။
ဒီလိုဖိသိပ်တာနဲ့ အမျှ လေနဲ့လောင်စာအရောဟာ အပူချိန်လည်း မြင့်တက်လာမှာဖြစ်ပါတယ်။
ပစ္စတင် ထိပ်ဆုံးနေရာ(TDC-Top Dead Center)ရောက်တဲ့အထိဖြစ်ပါမယ်။
ဒါကို compression stroke ခေါ်ပါတယ်။
power stroke (မီးလောင်ပေါက်ကွဲခြင်း)
*****************************************
ပစ္စတင်ဟာအောက်ကို အဟုန်ပြင်းစွာ ဆင်းတဲ့အနေအထားဖြစ်ပါမယ်။
ဒီအချိန်မှာ အင်းလက်ဗား နဲ့ အိတ်ဇောဗား နှစ်ခုစလုံးပိတ်ထားတဲ့အနေအထာ းဖြစ်ပါမယ်။
လေနဲ့လောင်စာအရောကို ဖိထားပြီး ပစ္စတင် အပေါ်ဆုံးရောက်တဲ့အချိန် မီးပေါက်ပလပ်မှာ မီးပွင့်ဖြစ်ပေါ်ပါမယ်။
လောင်စာတွေ မီးလောင်ပေါက်ကွဲပြီး စလစ်နံရံ ပတ်ချာလည်အပေါ်မှာ ဓာတ်ငွေ့ပြန့်ထွက်မှုအရ တွန်းကန်အားဖြစ်ပါမယ်။
နောက်ဆုံးတွန်းလို့ရတဲ့ ပစ္စတင်ကို အဟုန်ပြင်းစွာတွန်းချမှာဖြစ်ပါတယ်။
ပစ္စတင် အောက်ဆုံးနေရာ(BDC-Bottom Dead Center) ရောက်သည်အထိဖြစ်ပါတယ်။
ဒါကို power stroke ခေါ်ပါတယ်။
exhaust stroke (လောင်ကြွမ်းပြီးဓာတ်ငွေ့များကို အပြင်သို့စွန့်ထုတ်ခြင်း)
****************************************************************************
ပစ္စတင်ဟာအထက် ကို အထက်ကိုတက်တဲ့အနေအထားဖြစ်ပါမယ်။
ဒီအချိန်မှာ အိတ်ဇောဗား ပွင့်နေမှာဖြစ်ပါတယ်။
ပစ္စတင်က အပေါ်ကိုတက်လာတဲ့အချိန်မှာ လောင်ကြွမ်းပြီးသား ဓာတ်ငွေ့တွေကို အိတ်ဇောဗားကနေတဆင့် ပြင်ပလေထုထဲသို့ မှုတ်ထုတ်မှာဖြစ်ပါတယ်။
ပစ္စတင် ထိပ်ဆုံးနေရာ(TDC-Top Dead Center)ရောက်တဲ့အထိဖြစ်ပါမယ်။
ဒါကို exhaust stroke ခေါ်ပါတယ်။
ပြီးရင် ပစ္စတင်ဟာ အောက်ကိုပြန်ဆင်းပါမယ်။
ဒီအချိန်မှာ အင်းလက်ဗားပွင့်ပြီး လေနဲ့လောင်စာအရောကို ထပ်တခါ ဆွဲစုပ်ယူမှာဖြစ်ပါတယ်။
လုပ်ငန်းစဉ်တစ်ပတ်ပြည့်ပြီဖြစ်ပါတယ်။
ဒီလို power တစ်ကြိမ်ရဖို့ ပစ္စတင် အထက်အောက်အတက်အဆင်း လေးကြိမ်လုပ်ရတာမို့ 4-stroke (4-cycle) လို့ခေါ်တာဖြစ်ပါတယ်။
4-stroke အင်ဂျင်တွေမှာ ကရိုင်းရှပ် နှစ်ပတ်(၃၆၀+၃၆၀)ဒီကရီ လည်းမှ အင်းလက်ဗား၊ အိတ်ဇောဗားတွေကို ခိုင်းစေတဲ့
cam shaft(ကမ်ရှပ်)ဟာတစ်ပတ်(၃၆၀)ဒီကရီပဲ လည်ရတာဖြစ်ပါတယ်။
ဒီတော့ ကရိုင်းပင်နယံက ၂၄ သွားဆိုရင် ကမ်ရှပ် ပင်နယံက ၄၈ သွားဖြစ်ပါလိမ့်မယ်။ နှစ်ဆ
ဆိုတဲ့သေဘာပါပဲ။
4-stroke အင်ဂျင်တိုင်း ဒီသဘောပဲဖြစ်ပါတယ်။
ပင်နယံချင်း တိုင်ရိုက်ချိတ်ဆက်ခြင်း၊ timing belt ကြိုးနဲ့ ချိတ်ဆက်ခြင်း၊ ချိန်းကြိုးနဲ့ချိတ်ဆက်ခြင်း ပုံစံတွေသာကွာခြားမှာဖြစ်ပါတယ်။
ခုတင်ပြပေးထားတဲ့ပုံကတော့ လက်ရှိ မြန်မာပြည်စျေးကွက်ထဲမှာရှိတဲ့ ဓာတ်ဆီအင်ဂျင် တစ်လုံး ဖွဲ့စည်းပုံပဲဖြစ်ပါတယ်။
တံဆိပ်တွေ၊ နာမည်တွေသာကွာပါတယ်။ တည်ဆောက်ပုံအတူတူပဲဖြစ်ပါတယ်။
အခေါ်အဝေါ်များကိုလည်း မြန်မာမှုပြုပေးထားပါတယ်။
ဒါပေမယ့် တခါတလေမှာ car ဟာ ကား ပဲကောင်းပါတယ်။
ပစ္စည်းပြုပြင်တပ်ဆင်ခြင်း ကိစ္စတွေမှာလည်း အဆင်ပြေစေမှာဖြစ်ပါတယ်။
အင်ဂျင် ဘလောက်မှာ မော်ဒယ်နံပါတ်ထွင်းထားပုအချို့
ဖြစ်ပါတယ်။
တချို့အင်ဂျင်တွေမှာ မီးလောင်ခန်းထုထည်ကို
စီစီ(cubic cm)နဲ့လည်းရေးလေ့ရှိပါတယ်။
168F-1(5.5HP)
Bore×stroke=68×45 mm
168F-2(6.5HP)
Bore×stroke=68×54 mm
170F(7.5HP)
Bore×stroke=70×54 mm
Bore×stroke=70×58mm
မော်ဒယ်နံပါတ်ရဲ့ ရှေ့မှာ အင်္ဂလိပ်စာလုံး နှစ်လုံးရှိမှာဖြစ်ပါတယ်။
တံဆိပ်တွေသာ အမျိုးမျိုးကွာခြားတာပဲ
တွေ့ပါလိမ့်မယ်။
သတိပြုရန်
*************
မီးပေါက်စနစ် မှာ အဓိက အစိပ်အပိုင်းတွေရှိပါတယ်။
၁။ FLYWHEEL သံလိုက်
၂။ ပလပ်ကွိုင်
၃။ အင်ဂျင်ဝိုင် FLOAT SWITCH(တချို့အင်ဂျင်တွေမပါပါ။)
၄။ အင်ဂျင် ဖွင့်ပိတ်ခလုတ်
၅။ မီးပေါက် ပလပ်
ဒီ ၅ မျိုးကြောင်းကျိုးညီညွတ်မှ သာ မှန်ကန်ပြည့်စုံတဲ့ မီးပေါက်စနစ်ဖြစ်ပါလိမ့်မယ်။
ဗားတိုင်မင်(VALVE TIMING)
အိတ်ဇောဗား၊ အင်းလက်ဗားများဟာ ဖွင့်ရင်အရှင်း၊ ပိတ်ရင်လည်းအရှင်းဖြစ်ရပါမယ်။
အထက်မှာတင်ပြခဲ့သလို့ သူ့အချိန်နဲ့သူ တိကျစွာ အလုပ်လုပ်ပါမှ မှန်ကန်တဲ့ဗားတိုင်မင်ဖြစ်ပါမယ်။
ဒါကိုလည်း TAPPED COVER နတ် ၄လုံးဖွင့်ပြီး လိုသလိုချိန်ညှိနိုင်ပါတယ်။
များသောအားဖြင့်ကတော့
ကွန်ပရက်ရှင်း မှာ ပစ္စတင် အပေါ်ထိပ်ရောက်နေတဲ့အချိန်၊
flywheel သံလိုက်နဲ့ ပလပ်ကွိုင်တည့်နေတဲ့အချိန်၊
ဗားနှစ်ခုစလုံး ပိတ်နေတဲ့အနေအထားနဲ့ ချိန်ရမှာဖြစ်ပါတယ်။
ဗားတိုင်မင်လွဲရင်၊ မီးတိုင်မင် လွဲရင် အင်ဂျင်မှာ ပေါက်ကွဲသံ တဖုန်းဖုန်းကြားရမှာဖြစ်ပါတယ်။
အင်လက်ဘက်ကနေလည်းထွက်နိုင်သလို၊ အိတ်ဇောဘက်ကလည်းထွက်နိုင်ပါတယ်။
အိတ်ဇောဘက်ကထွက်တာ ပြဿနာမရှိပေမယ့်၊ အင်လက်ဘက်ကနေထွက်တဲ့အခါ အခန့်မသင့်ရင်
မီးထလောင်နိုင်တာမို့ အထူးဂရုစိုက်ဖို့တော့လိုပါတယ်။
ကာဗြူရေတာမှာ လောင်စာဆီရှိနေလို့ဖြစ်ပါတယ်။
ခုတင်ပြခဲ့တာတွေကတော့ တစ်လုံးထိုးဓာတ်ဆီအင်ဂျင် အကြောင်းဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ အတော်လေးသိပြီလို့ဆိုနိုင်ပါတယ်။
အကယ်၍ လိုအပ်ချက်များရှိခဲ့မယ်ဆိုရင်
ကျွန်တော့ရဲ့အားနည်းချက်သာဖြစ်ပါလိမ့်မယ်။
အားလုံးအဆင်ပြေ ကြပါစေခင်ဗျာ။