ကျေးလက်ဒေသတွေ အတွက် မရှိမဖြစ် တွေထဲမှာ မီးစက် ဆိုတာကလည်း တစ်ခုအပါအဝင် ဖြစ်လာနေတာကြာပါပြီ။
နေ့စဉ်ဖြတ်သန်းရာဘဝတွေမှာ လျှပ်စစ်ဆိုတာ ကင်းနိုင်တဲ့သူ ခပ်ရှားရှားကိုဗျ။
အရွေးမမှားစေဖို့ အတွက် အကြောင်းအကျိုး မှန်မှန်ကန်ကန် သိထားဖို့လိုပါတယ်။
ဗဟုသုတရှိဖို့ လေ့လာမှတ်သားဖို့လိုပါတယ်။
ဒီမီးစက် ဒီဇိုင်းနှစ်မျိုး အပေါ်မှာ သူ့အမြင် ကိုယ့် အမြင် ဝင်ရောက်ဆွေးနွေးကြဖို့ဖိတ်ခေါ်ပါတယ်။
အတွေးအမြင်စုံလာလေ မိတ်ဆွေတို့ အသိပညာ တိုးပွားလေ ဖြစ်တာမို့ မေတ္တာရှေ့ထားပြီး ဆွေးနွေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ကျွန်တော့အမြင်ကိုလည်း ဉာဏ်မှီသလောက်တင်ပြထားပါတယ်ခင်ဗျာ။
ခုပြထားတဲ့ မီးစက်နှစ်တွဲရဲ့ အားသာချက်၊ အားနည်းချက်ကိုယှဉ်ဖို့အတွက် မီးထွက်ဗို့အား စံသတ်မှတ်ချက် တစ်ခုရွေးချယ်ကြဖို့လိုပါတယ်။
ဒိုင်နမိုရဲ့ ဗို့ထွက်အား 220V ၊ လျှပ်စစ်ကြိမ်နှုန်း 50 Hz လို့ဦးစွာမှတ်ယူဖို့လိုပါတယ်။
ဒီစက်နှစ်မျိုးမှာ တူညီနေတဲ့အချက် တစ်ချို့လည်းရှိပါတယ်။
အသံဆူညံမှု
တုန်ခါအားများမှု
အပိုပစ္စည်းလွယ်ကူမှု
ပြုပြင်ထိန်းသိမ်းဖို့ လွယ်ကူမှု
ဒါတွေဖြစ်ပါတယ်။
ဈေးကွက်အရ ပြည်တွင်းမှာ အသုံးပြုနေတဲ့ ဒိုင်နမိုအများစု ဟာ ဝင်ရိုးစွန်းလေးခု(4 POLE) ကို အခြေခံဆောက်လုပ်
ထားတာဖြစ်တဲ့အတွက် တစ်မိနစ်ကို လည်ပတ်အား ၁၅၀၀ လှည့်ပေးမှသာ အထွက်ဗို့ 220V နဲ့ ကြိမ်နှုန်း 50 Hz ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။
ဒီလို မီးထွက်အားစံသတ်မှတ်ချက်ကိုက်မှသာ လျှပ်စစ်ပစ္စည်းတွေ ဟာစွမ်းဆောင်ရည်ပြည့်နီးပါး အလုပ်လုပ်ပေးနိုင်ပါလိမ့်မယ်။
နောက်အင်ဂျင်ဘက်ကနေကြည့်ရင် တစ်လုံးထိုးဒီဇယ်အင်ဂျင် အများစုဟာ လီဗာ အကုန်တင် တစ်မိနစ်ကို လည်ပတ်အား ၂၂၀၀ မှ ၂၄၀၀ ဝန်းကျင်သာထုတ်ပေးနိုင်တာဖြစ်ပါတယ်။
ဒီလောက်သဘောတရားတွေကို သိပြီဆိုရင် အားသာချက် အားနည်းချက်ကိုပြောလို့ရပါပြီ။
၁။ coupling-type / (combine-type) / but-joint
အဆင်ပြေသလိုသာခေါ်ပါ။
ဒီတပ်ဆင်နည်းမှာ အင်ဂျင်နဲ့ ဒိုင်နမိုဟာ သူတစ်ပတ်၊ ကိုယ်တစ်ပတ်လည်ရတာဖြစ်ပါတယ်။
ပန်ကာကြိုးမှာလို ချော်ထွက်လို့ လည်ပတ်အားဆုံးရှုံးတာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။
အင်ဂျင်ဟာ အပတ်ရေ ၁၅၀၀ လည်နေရတာဖြစ်တဲ့အတွက် လည်ပတ်အားစွမ်းဆောင်ရည်အချိုးဟာ ၃း၄ လောက်ဖြစ်နေပါပြီ။
ဝန်ကို စပါယ်ရှယ်ရုန်းမယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်။
ဒိုင်နမိုတစ်လုံးကို ဝန်အပြည့်ရုန်းနိုင်တဲ့ သဘောပါ။
လည်ပတ်မှုလည်း ညက်ညောတဲ့ အနေအထား(တုန်ခါမှုနည်း) ဖြစ်ပါတယ်။
ရှပ်နှစ်ခုဟာ တစ်ဖြောင့်တည်းလည်ပတ်ရတာဖြစ်တဲ့အတွက် တပ်ဆင်မှုပိုင်း အထူးဂရုစိုက်ဖို့လိုပါတယ်။
ရှပ်ဝင်ရိုးနှစ်ခု center မကျလို့ကတော့ ဘောဘယ်ယာရင်များ သက်တမ်းတိုပါမယ်။
စက်တုန်ခါမှု ဖြစ်သင့်သည်ထက် ပိုနေမှာလည်း ဖြစ်ပါတယ်။
ဆီစားနှုန်းတန်ရာတန်ကြေးနဲ့ ဝန်ကောင်းကောင်းရုန်းလိုသူများအတွက်ကတော့ ဒီ coupling-type က ပိုကောင်းမှာအသေအချာပါပဲဗျာ။
၂။ pulley-type / V belt-type
ဒီနည်းကတော့ ဆီစားသက်သာချင်တဲ့သူတွေ စိတ်ဝင်စားတဲ့ နည်းပဲဖြစ်ပါတယ်။
မီးသုံးနည်းတာမျိုး၊ ဝန်အပေါ့စားတွေ သုံးတာမျိုးမှာတော့ ဒီနည်းဟာတွက်ချေကိုက်ပါတယ်။
အပေါ့စားဝန်ဆိုတာကတော့ မီးချောင်း၊ ပန်ကာ၊ မီးလုံး၊ ရုပ်မြင်သံကြားစက်၊ အိမ်သုံးရေမော်တာ(centrifugal pump) စတာတွေပါဝင်ပါတယ်။
အားနည်းချက်က အခိုင်းခံပူလီရဲ့ အချင်းကိုလျော့ပြီး လည်ပတ်အားများအောင်လုပ်ထားတဲ့ ကိစ္စပါ။
အင်ဂျင်ပူလီနဲ့ ဒိုင်နမိုပူလီရဲ့ အချိုးဟာ အသုံးပြုသူရဲ့တောင်းဆိုချက်အတိုင်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။
အခိုင်းခံပူလီသေးလေ လည်ပတ်အားများလေ ဆီစားသက်သာလေ ပဲဖြစ်ပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ အခိုင်းခံပူလီသေးလေ ဝန်ရုန်းနိုင်မှုအားနည်းလေ မီးမျက်တောင်ခတ်မှုများလေ ဖြစ်ပါမယ်။
ပူလီအချိုးကွာဟမှုများတာနဲ့ အမျှ ဝန်ဆွဲရင် အင်ဂျင်ဟာ လီဗာတင်မရတော့ပဲ မီးခိုးမဲများသာထွက်လာမှာဖြစ်ပါတယ်။
ဒိုင်နမိုတွေဟာ မီးထွက်ပြီဆိုတာနဲ့ ရှပ်ဟာလေးသွား(torque)တာဖြစ်ပါတယ်။ မီးသုံးပြီဆိုတာနဲ့ သုံးရင်သုံးသလောက်တင်းအားပိုများလာဦးမှာ အသေအချာပါပဲ။
ဒီမှာ ပန်ကာကြိုးတွေ ချော်တဲ့ပြဿနာစတာပါပဲ။
ပန်ကာကြိုးတွေဟာ ချော်လေ၊ ပူလေ၊ အရှည်ဆန့်ထွက်လေဖြစ်ပါတယ်။
နောက်တစ်ခုက ပန်ကာကြိုး အလိုင်းမင်း(alignment) ဖြစ်ပါတယ်။ လိုင်းမတည့်ဘူးဆိုရင်တော့ ပန်ကာကြိုး ခဏခဏလဲဖို့သာပြင်ပေတော့။
တပ်ဆင်အထိုင်ချမှုပိုင်း ဂရုစိုက်ဖို့ ထိန်းသိမ်းဖို့ လိုပါတယ်။
ဘယ်ဟာကိုရွေးချယ်မလဲဆိုတာကတော့ မိတ်ဆွေရဲ့ သဘောသာဖြစ်ပါတယ်။
အားလုံး စဉ်းစားပြီးလို့ မိမိနှစ်သက်ရာတစ်ခုကို ရွေးချယ်တဲ့ကိစ္စအတွက် နောင်တရစရာ လုံးဝမရှိနိုင်ဘူးဆိုတာ အသေအချာပါပဲဗျာ။
အကယ်၍လိုအပ်ချက်များရှိမယ်ဆိုရင်လည်း ကျွန်တော့ရဲ့အားနည်းချက်သာ ဖြစ်ပါတယ်။
အားလုံး ဒီဇယ်တစ်လုံးထိုး မီးစက်တွဲနဲ့ပတ်သက်လို့ အဆင်ပြေကြပါစေဗျာ။
ကျေးဇူးတင်စွာဖြင့်………..။
tunlinnagti
ကျင်းလုံမြန်မာ